ကန်ကြီးထောင့် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့ နေ့လည်ပိုင်းက စတင်၍ ကန်ကြီးထောင့်မြို့နယ်၊ မဟာသိရီမင်္ဂလာရာမကျောင်းတိုက်၊ ဘာသန္တရတက္ကသိုလ်တွင် ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင်စုစုပေါင်း(၆၂)ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင်(၇)ပါး၊ ပထမလတ်တန်းတွင်(၉)ပါး၊ ပထမငယ်တန်းတွင်(၂၀)ပါး၊ အခြေပြုမူလတန်းတွင် (၁၇)ပါး စုစုပေါင်း(၅၃)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ စုစုပေါင်း(၉)ပါး ဖြေဆိုရန်ပျက်ကွက်ကြောင်းသိရသည်။
စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများက လိုအပ်သည်များဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး၊ စာမေးပွဲကာလနေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များက လည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်များအား ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲကို မတ် ၂၉ ရက် နေ့မှ ဧပြီ ၄ ရက်နေ့အထိ (၇)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)