ကျောင်းကုန်းမြို့၌ နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ (၂၇)ကြိမ်မြောက်ဖြေဆို

ကျောင်းကုန်း မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မိုဃ်းကောင်းတန်ဆောင်းတော်ကြီးတွင် နိုင်ငံတော်အစိုးရပါဠိပထမပြန်စာမေးပွဲ (၂၇)ကြိမ်မြောက်ကို မတ် ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပထမနေ့အဖြစ် စတင်ဖြေဆိုခဲ့ကြသည်။

မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယခု ၂၀၂၆ ခုနှစ်တွင်(၂၇)ကြိမ်မြောက် ကျင်းပနိုင်ခြင်းဖြစ်ပြီး၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက်(၆)တိုက်မှ အခြေပြုမူလတန်းတွင်(၂၅)ပါး၊ ပထမငယ်တန်းတွင်(၆)ပါး၊ ပထမလတ်တန်းတွင်(၂)ပါး၊ ပထမကြီးတန်းတွင်(၃)ပါး၊ စုစုပေါင်း (၃၆)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

အနာဂတ်သာသနာ ရောင်ဝါနေသို့ ထွန်းလင်းစေမည့် သာသနာ့အာဇာနည် ရှင်ရဟန်းများ ပေါ်ထွန်းရေးနှင့် ပရိယတ္တိစာပေများ ထွန်းကားပြန့်ပွားရေး၊ သာသနာရေးနှင့်လူမျိုးရေးအတွက် ထေရဝါဒဗုဒ္ဓသာသနာတော် ပြန့်ပွားစေရေး မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များက နှစ်စဉ်ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းခဲ့ကြသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ (၇)ရက် တိုင်တိုင် နေ့စဉ် နေ့လယ် ၁၂ နာရီအချိန်မှ နေ့လယ် ၃ နာရီအချိန်အထိ စာမေးပွဲဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)