ဘိုကလေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာကန်တော့ပွဲ ကျင်းပ

ဘိုကလေး မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသား/ကျောင်းသူဟောင်းများက ၄င်းတို့အား ပညာသင်ကြားပေးခဲ့သော အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား (ဒဿမ) အကြိမ်မြောက် ပူဇော်ကန်တော့ခြင်းအခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီက ဘိုကလေးမြို့ အ-ထ-က (၂) ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အာစရိယပူဇော်ပွဲကြီးကျင်းပရခြင်း၏ စေတနာနှင့်ရည်ရွယ်ချက်များအား ကျောင်းသားဟောင်း ဦးတင်ထွဋ်က ပြောကြားခြင်း၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား တပည့်များက အငြိမ်းစားဆရာကြီး ဦးတင်လတ် (ကွယ်လွန်) ရေးသားသီကုံးပေးထားသည့် အာစရိယပူဇာဝန္ဒနာ ကန်တော့ချိုးဖြင့်ပူဇော်ကန်တော့ပြီး ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် ဆရာကြီးဦးခင်စိုး၊ ဆရာမကြီးဒေါ်ဝင်းတို့က တပည့်များအား ဆုံးမစကားမြွက်ကြားခြင်း၊ ကျောင်းသားဟောင်း ဦးမြသောင်းထွန်းက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး တက်ရောက်လာကြသော အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား/ ကျောင်းသူဟောင်းများ၏ မိတ်ဆုံညစာစားပွဲကို ကျင်းပခဲ့ကြသည်။ ယခုနှစ်တွင်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၁၄၆) ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ဝေဝေမြင့်(ပြန်/ဆက်)