အိမ်မဲ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက် (၂)လမ်းရှိ ကိုဝဏ္ဏဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်တွင် မတ် ၂၈ ရက် ည၈နာရီ ၁၀ မိနစ်ခန့်က လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး ဦးငွေမျိုးမြင့်နီ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဥ် (၃)စီး၊ ရေသယ်ယာဥ် (၂)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည (၉)နာရီ (၁၀)မိနစ်တွင် မီးငြိမ်းနိုင်ခဲ့သည်။
ပူးပေါင်းအဖွဲ့မှ မီးလောင်မှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ဦးကျော်ဝဏ္ဏထွန်း(၄၉ နှစ်)၏ ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေး၊ အနော်ရထာ(၂)လမ်း၊ အိမ်အမှတ်(၉၂)၊ အထက်ပိုင်းရပ်ကွက်၊ အိမ်မဲမြို့နယ်နေသူပိုင်ဆိုင်သော အလျား ပေ (၆၀) ၊ အနံ ပေ (၂၀) ၊ အမြင့်(၂၂)ပေခန့်ရှိ (သွပ်မိုး /ပျဉ်ခင်း/အုတ်(၂)ထပ်တိုက်) အောက်ထပ်ရှိ မီတာဘောက်မှတစ်ဆင့် လျှပ်စစ်မိန်းခုံသို့ သွယ်တန်း ထားသော ဝိုင်ယာကြိုးများ အပူလွန်ကဲရာမှ မီးစထွက်ပြီး ဆိုင်ကယ်အပိုပစ္စည်း (ကာဗာ)သို့ မီးကူးစက်လောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်ဝဏ္ဏထွန်းအား အိမ်မဲမြို့မစခန်းမှအမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ)