ရေတာရှည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ရေတာရှည် မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အမှတ်(၁)ရပ်ကွက် ကံမြင့်ကျောင်းတိုက်၊ မြင့်မိုရ်ပရိယတ္တဗိမ္မာန်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလခံယူပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာ (၁၉)ပါးကို အလှူငွေဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်သော သံဃာတော်များအား ဂုဏ်ပြုအောင်လက်မှတ်နှင့် အောင်ဆုအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုန္ဒရအရှင်သူမြတ်ထံမှ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)