ရှမ်းပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ဆီဆိုင် မတ် ၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဆိုက်ခေါင်) ၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ကျော်ရန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်သည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် ထက်သန်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် အိမ်တွင်းမှုအတတ်ပညာများကို လေ့လာသင်ကြားတတ်မြောက်ထားပြီး ဖြစ်သည့်အတွက် မိမိတတ်မြောက်ထားသော အတတ်ပညာများဖြင့် ကျေနပ်မနေကြဘဲ ပြင်ပတွင်ဆန်းသစ်သော ဖက်ရှင်ဒီဇိုင်းပညာရပ်များ ခေတ်မှီဆန်းသစ်သော ပညာရပ်များကို ထပ်မံလေ့လာသင်ယူကြရန်နှင့် သင်ယူလေ့လာဆည်းပူးခဲ့ကြသော အတတ်ပညာများဖြင့် မိမိဘဝလူမှုပတ်ဝန်းကျင်တိုးတက်အောင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် သင်တန်းကာလအတွင်း သင်တန်းသူများ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား Power Point အသုံးပြုရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းထူးချွန်ဆုပေးအပ်ချီးမြှင့်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ၎င်းတို့ ကိုယ်တိုင်ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)