ရှမ်းပြည်နယ်ဝန်ကြီးချုပ် စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဥ် (၆) သင်တန်းဆင်းပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုး သင်တန်းဆင်းပွဲ တက်ရောက်

အောင်ပန်း မတ် ၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဥ် (၆) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ဒုတိယအကြိမ်ဖွင့်လှစ်ခဲ့သည့် စက်မှုလက်မှုပညာသင်တန်းသား (၃၀) ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသူ (၂၀) ဦးကို ယနေ့တွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်မှာဖြစ်ကြောင်း၊ စက်မှုလက်မှုသင်တန်းများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှ ၂၀၂၆ ခုနှစ် မတ်လ (၂၆) ရက်နေ့အထိ သင်တန်းကျောင်းတွင် (၂၂) ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပါကြောင်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းကို သင်တန်းကျောင်းတွင် ၁၂ ပတ်နှင့် သက်ဆိုင်ရာဟိုတယ်များတွင် On Job Training ၁၂ ပတ်ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပါကြောင်း၊ ယခုဆိုလျှင် စက်မှုလက်မှုသင်တန်းအနေဖြင့် အမှတ်စဥ် (၁) မှ (၅) အထိ သင်တန်းသား ၂၂၅ ဦးကို သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ၉၇ ဦးမှာ သင်တန်းမှသင်ကြားပေးလိုက်သည့် အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီဖြစ်ပါကြောင်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းအနေဖြင့်လည်း သင်တန်းအမှတ်စဥ် (၁) မှ (၅) အထိ သင်တန်းသူ၊ သင်တန်းသား ၁၄၀ ဦးအား သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ၉၇ ဦးမှာတောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ အောင်ပန်းစသည့်မြို့များရှိ ဟိုတယ်များတွင် လုပ်ငန်းခွင်ဝင်ရောက်နေကြပြီဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စက်မှုလက်မှုပညာသင်တန်း ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ထူးချွန်သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက စက်မှုလက်မှုပညာသင်တန်းသူသင်တန်းသားများနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းဆက်စပ်ပစ္စည်းဖြင့် လက်တွေ့သရုပ်ပြသနေမှုကိုလည်းကောင်း၊ လျှပ်စစ်၊ လက်ကိုင်ဖုန်း၊ မော်တော်ယာဉ်အင်ဂျင်နှင့် အောက်ပိုင်းလက်တွေ့ပြင်ဆင်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ကလောမြို့၊Hill Top Villa Hotel ၌ ကျင်းပသည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃) မျိုး သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်အတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းများအဖြစ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများကို တောင်ကြီးမြို့တွင် သင်တန်းသား (၉၀) ဦးဖြင့် တစ်ကြိမ်၊ ကျိုင်းတုံမြို့တွင် သင်တန်းသား (၈၇) ဦးဖြင့် တစ်ကြိမ်၊ ကလောမြို့တွင် သင်တန်းသား (၇၄) ဦးဖြင့် တစ်ကြိမ်၊ ရုရှားဘာသာစကား (အခြေခံ) သင်တန်းကို ကလောမြို့တွင် သင်တန်းသား (၃၅) ဦးဖြင့် တစ်ကြိမ်၊ ဟိုတယ်မွမ်းမံပြင်ဆင်ထိန်းသိမ်းမှုဆိုင်ရာသင်တန်းကို တာချီလိတ်မြို့တွင် သင်တန်းသား (၅၀) ဦးဖြင့် တစ်ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား (၃၃၆) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် ခရီးသွားမြှင့်တင်ရေးဆိုင်ရာပွဲတော်များ၊ လူထုအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ရေး စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့က သင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများချီးမြှင့်ပေးကြပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း