ဟုမ္မလင်းမြို့၌ တိုင်းရင်းဆေးပညာ(ဆင့်ပွား)သင်တန်း ဖွင့်လှစ်

ဟုမ္မလင်း မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ အခြေခံတိုင်းရင်းဆေးပညာရပ်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာ(ဆင့်ပွား)သင်တန်းကို ဟုမ္မလင်းမြို့နယ် တိုင်းရင်းဆေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယ‌နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟုမ္မလင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်သန္တာလွင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုင်းနောင်နောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ​ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တိုင်းရင်းဆေးပညာ(ဆင့်ပွား)သင်တန်းသို့ မြို့နယ်တိုင်းရင်းဆေးခန်းမှ တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာ(ဆင့်ပွား)သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူ(၂၅)ဦးတို့အား မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုင်းနောင်နောင်က တိုင်းရင်းဆေးပညာရပ်များ၊ တိုင်းရင်းဆေးဖော်စပ်နည်းများ၊ တိုင်းရင်းဆေးဝါးများ အသုံးဝင်ပုံ အသုံးပြုပုံတို့ကို သင်တန်းကာလ(၂၅-၃-၂၀၂၆)မှ (၂၇-၃-၂၀၂၆) ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)