ဖောင်းပြင်မြို့၌ နွေရာသီအားလပ်ရက်အတွင်း ယဉ်ကျေးမှု၊ English Grammar နှင့် ပန်းချီသင်တန်းအခမဲ့ဖွင့်လှစ်

ဖောင်းပြင် မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ မူလွန်ကျွန်းရွှေဝါကျောင်း၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီမှကြီးမှူး၍ နွေရာသီအားလပ်ရက်များအတွင်း ကျောင်းသား/သူများအတွက် အကျိုးရှိစေနိုင်ရေး ယဉ်ကျေးမှု၊ English Grammarနှင့် ပန်းချီ(အခမဲ့)သင်တန်းများကို ယမန်နေ့ နံနက် ၈နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဦးစွာသင်တန်းများနှင့်ပတ်သက်၍ ယဉ်ကျေးလိမ္မာသင်တန်းနည်းပြဆရာတော်က ဩဝါဒစကား မိန့်ကြားပြီး ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားကာ ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဋ္ဌက အမျာစကားပြောကြားကြသည်။

ထို့နောက်သင်တန်းအား စတင်ဖွင့်လှစ်ပို့ချပြီး ယဉ်ကျေးလိမ္မာသင်တန်းတွင် ဆရာတော် ၂ ပါးက ဘုရာရှိခိုးနည်းနှင့် ဗုဒ္ဓဘာသာအခြေခံများကိုလည်းကောင်း၊ English Grammar သင်တန်းတွင် ဆရာမ ၂ ဦးက Phonics/ Grammar အခြေခံများကိုလည်းကောင်း၊ ပန်းချီသင်တန်းတွင် အငြိမ်းစား ကျောင်းဆရာကြီး ဦးစန်းထူးက အခြေခံပန်းချီရေးဆွဲ‌နည်းများကိုလည်းကောင်း ပညာဒါနအဖြစ် အခမဲ့သင်ကြားပို့ချမည်ဖြစ်ကာ Grade-3 မှ Grade-5 အဆင့် ကျောင်းသား/သူများ သင်ယူလျက် ရှိသည်။

အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများအတွက် အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ကျောင်းသင်ခန်းစာများအတွက် အထောက်အကူဖြစ်စေနိုင်ရေးနှင့် လိမ္မာယဉ်ကျေးသော သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ကာ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းကြီးကြပ်မှုကော်မတီမှသိရသည်။

အဆိုပါသင်တန်းများအတွက် စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ၊ နေ့စဉ်အာဟာရ ကျွေးမွေးခြင်းများကို ဦးကောင်းထိုက်၊ ဒေါ်အေးမြတ်မွန်မိသားစုက ပံ့ပိုးပေးခြင်းဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ရက်များအတွင်း နှစ်စဉ်ဖွင့်လှစ်သွားနိုင်ရေး လျာထားကြောင်း၊ သင်တန်းကာလအား မေလ ပထမပတ်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)