ကန့်ဘလူ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ နယ်မြေရှင်းလင်းရေးနှင့်လုံခြုံရေးတာ ဝန်ထမ်းဆောင်စဉ် ကျဆုံး/ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပေးသင့်ပေးထိုက်သူများအား ယာယီမြေပေးမိန့်ပေးအပ်ခြင်းနှင့် မြေကွက်များ(ဒုတိယအကြိမ်) မဲနှိုက်ချထားသည့် အခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက ကန့်ဘလူမြို့ရှိ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၃)ရပ်ကွက် သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော်(ငါးရာ့ ငါးဆယ်)ဘဒ္ဒန္တဝါသဝက ဩဝါဒစကားမိန့်ကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က မြေယာဖော်ထုတ်ရေး၊ မြေကွက်များချထားပေးနိုင်ရေးနှင့် ပထမအကြိမ် မြေကွက်ချထားပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆရာတော် ဘဒ္ဒန္တဝါသဝ၊ ခရိုင်မြေကွက်ချထားရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများက ယာယီမြေပေးမိန့်များကိုပေးအပ်ခဲ့ပြီး နယ်မြေရှင်းလင်းရေးနှင့်လုံခြုံတာဝန်ထမ်းဆောင်စဉ် ကျဆုံး/ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များအား မဲစနစ်ဖြင့် မြေကွက်ချထားပေးနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြေကွက်ချထားရေးကော်မတီမှ ဆက်လက်ဆောင်ရွက်ခဲ့သည်။ အဆိုပါ မြေကွက်များချထားပေးနိုင်ရေး ကန့်ဘလူမြို့ မြို့ရှောင်ကွင်းလမ်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)ကျောင်း အရှေ့တောင်ဘက်တွင် မြေကွက် ၅၅၇ ကွက်ဖော်ထုတ်ခဲ့ပြီး ပထမအကြိမ်တွင် ၃၆၅ ကွက်ချထားပေးခဲ့ကာ၊ ယခု ဒုတိယအကြိမ် မြေကွက် ၁၀၀ ကို မဲနှိုက်ချထားပေးခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါနေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇခန်းမ၌ ကန့်ဘလူမြို့၊ ကျွန်းလှမြို့၊ ဇီးကုန်းမြို့၊ ကာဘိုးကျေးရွာတို့မှ လုပ်ငန်းရှင်များအား ဖိတ်ကြား၍ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စက်မှုဇုန်မြေကွက် ၁၅ ကွက်ဖော်ထုတ်ကာ မြေကွက်များရောင်းချနိုင်ရေးအတွက် မြေကွက်များနှင့်ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)