ရွှေသောင်ယံ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်ဒေသထွက်အုန်းသီးလုံးရိုင်း ဈေးများ မကောင်း၍ အုန်းခြံပိုင်ရှင်များနှင့် အုန်းသီးဝယ်ရောင်းသမားများ အခက်ကြုံတွေ့နေသော်လည်း အုန်းဆီချက်ရောင်းချ၍ ဝင်ငွေရှာသူများ ရှိလာကြောင်းသိရသည်။
ရွှေသောင်ယံမြို့တွင် ယခုအချိန်၌အုန်းသီးလုံးရိုင်း တစ်လုံးကို (၈၀၀) ဈေးဖြင့်သာ အုန်းသီးဝယ် ရောင်းသမားများမှ လိုက်လံကောက်နှံနေပြီး အုန်းခင်းပိုင်ရှင်များ၌ အုန်းတက်ခနှင့် သယ်ခနှုတ်ပါက တစ်လုံးကို (၆၀၀) ခန့်သာ ဈေးရရှိသည့်အတွက် အုန်းဆီချက်ကာ ရောင်းချသူများ များပြားလာကြသည်။
အုန်းဆီတစ်ဆယ်သားကို (၅၀၀၀) ကျပ်ဖြင့် ရောင်းချကြပြီး အုန်းသီး (၃) လုံးခန့် ဆီချက်ပါက အုန်းဆီတစ်ဆယ်ကျပ်သားရရှိကြောင်း ခုလိုဒေသထွက်အုန်းဆီစစ်စစ်ကို ဧည့်သည်များနှင့် ဒေသခံများပါ ကြိုက်နှစ်သက်ကြသည့်အတွက် အုန်းဆီချက်ရောင်းချသောလုပ်ငန်းမှာ တွက်ခြေကိုက်အဆင်ပြေကြကြောင်း သိရသည်။
ကိုကိုမောင်