ပွင့်ဖြူ မတ် ၂၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် များကလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေး ဟောပြောပြီး ရုံးအဆောက်အဦများနှင့် ရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသော မီးသတ်ဆေးဘူးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ ၊ အရေးပေါ် မီးငြှိမ်းသတ်ရေးအတွက် ရေသိုလှောင်ထားမှုများနှင့် လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြုံတွေ့လာပါက စနစ်တကျ မီးငြှိမ်းသတ်နိုင်ရန် မီးငြှိမ်းသတ်ပစ္စည်းများ အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းစနစ်များကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသရာ ဝန်ထမ်းများအဖွဲ့က ပူးပေါင်းပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )