ဖျာပုံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး​မြှင့်ပွဲကျင်းပ

ဖျာပုံ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီတို့ ပူးပေါင်း၍ လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ်ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်အလွတ်တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပသည်။
အဆိုပါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုကျင်းပရာ Pionner FC နှင့် Gangster 1 FC အသင်းတို့ယှဥ်ပြိုင်ကြရာ Gangster 1 FC အသင်းက Pionner FC အသင်းကို (၈)ဂိုး၊ (၇)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပထမဆုရ Gangster 1 FC အသင်းကို တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုသိန်း(၃၀)အား ပေးအပ်ချီးမြှင့်သည်။ ထို့နောက်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်တို့က ဒုတိယဆု ၊တတိယဆုနှင့်အကောင်းဆုံး အားကစားသမားဆုရ အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြရာ ဆုရအားကစားသမားများက လက်ခံရယူကြသည်။ အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး​ ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှ မတ်လ(၂၂) ရက်နေ့ထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)