စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကြက်ခြေနီသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စလင်း မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကြက်ခြေနီသင်တန်းကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်သော အခြေခံရှေးဦးပြုစုခြင်း ကြက်ခြေနီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၃ ရက် နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)ကျောင်းစာသင်ဆောင်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က နွေရာသီကျောင်းပိတ်ရက် ကြက်ခြေနီသင်တန်းဖွင့်လှစ် ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သင်တန်းနည်းပြဆရာ ဦးမင်းအောင်က သင်တန်းတွင် သင်ကြားပို့ချပေးမည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းစာများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသီဟဇော်က ကြက်ခြေနီသင်တန်းသင်ထောက်ကူပစ္စည့်များအား သင်တန်းနည်းပြဆရာ ဦးမင်းအောင်ထံသို့လည်းကောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးအောင်သူမှ သင်တန်းနည်းပြဆရာ၊ ဦးသူရမြင့်ဝေ၊ မြို့မိမြို့ဖ ဦးစီန်လင်းမှသင် တန်းနည်းပြဆရာထံသို့လည်းကောင်းအသီးသီး ကြက်ခြေနီသင်တန်း သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌမှ သင်တန်းဖွင့်လှစ်ရခြင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဖွင့်လှစ်ပို့ချသည့်သင်တန်းဖြစ်သောကြောင့်  သင်တန်းမှပို့ချသည့် အခြေခံရှေးဦးပြုစုခြင်းသင်ခန်းစာများကို  ကြိုးစားသင် ယူကြရန်မှာကြားသည်။

အဆိုပါသင်တန်းသို့၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ သင်တန်းသား၊ သင်တန်းသူ  ၄၃ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ၂၃ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ ကိုးရက်တာကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် စာတွေ့၊လက်တွေ့အခြေခံရှေးဦးပြုစုခြင်းသင်ခန်းစာများကို သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

မောင်လွင်(စလင်း)