ငဖဲ မတ် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆောင်းသီးနှံများစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံ နေကြာ ၆၈၉ ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၄.၁၂ တင်းနှုန်းဖြင့် နေကြာ ၉၇၂၉ တင်း ထွက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက အထွက်နှုန်းကောင်းမွန်သည့် ဆင်းရွှေကြာ-၂ မျိုးနှင့် အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်း ကောင်းမွန်သည့် ရေဆင်းစပ်မျိုး-၁ မျိုးများကို ၆၈၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ တစ်ဧကကို ၁၄.၁၂ တင်းနှုန်းဖြင့် ၉၇၂၉ တင်းထွက်ရှိပါတယ်။ ဒေသခံတောင်သူများ နေကြာရိတ်သိမ်းရာမှာ အထွက်နှုန်းလျော့နည်းမှုနှင့် လေလွင့်ဆုံးရှုံးမှုမရှိရေး အချိန်မီရိတ်သိမ်းကြဖို့နဲ့ ရိတ်သိမ်းပြီးနေကြာများ စနစ်တကျထားသိုသိမ်းဆည်းကြရန် အသိပညာပေးဆောင်ရွက်နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်သိန်းက ပြောကြားသည်။
ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သောမျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး ၊ အပင်ကြီးထွားဖြစ်ထွန်းရေး၊ အပွင့်အရွယ်အစား ကြီးမားစေရေး၊ အစေ့အဆံအောင်မြင်စေရေးတို့အတွက် လိုအပ်သော သွင်းအားစုများ စနစ်တကျထည့်သွင်းပေးရေး၊ အပင်ပြုစုစောင့်ရှောက်ရေးနည်းစနစ်များ ၊ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် စနစ်တကျရိတ်သိမ်းနည်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။
ငဖဲမြို့နယ်အပြင် တခြားဒေသများ၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာကို စိုက်ဧကများ တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစားသုံးဆီ ဖူလုံစေမည့်အပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)