ပဲခူး မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ လုပ်ငန်းအရည်အသွေး ထိန်းသိမ်းရေးအဖွဲ့များနှင့် အတူ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆာင်ရွက်သည့် ဝေါမြို့နယ် ပေါက်တန်းကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ဝေါမြို့နယ် ဘုရားကြီး-မော်လမြိုင်-မြိတ်-ဘုတ်ပြင်း-ထားဝယ်လမ်းမကြီး လမ်းဘေးဝဲယာ လမ်းပုခုံးပြင်ခြင်း၊ ခြုံရှင်းလင်းနေမှုလုပ်ငန်းများနှင့်၊ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ပိုလျှံ) ရန်ပုံငွေဖြင့် ဝေါဘုရားပျို-ကမာကဘန်-ကတွတ်-ညောင်ကိုင်းလမ်း ကတ္တရာခင်းရန် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေသည် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်ပြည်ထောင်စု (GRF) ရန်ပုံငွေဖြင့် ပဲခူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမှဆောင်ရွက်သည့် သပြေရိုးကျေးရွာ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းနှင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံး မူလရန်ပုံငွေဖြင့် နောင်ဂျမ်းရှမ်းရွာကြီးလမ်း ဂဝံကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်