ပွင့်ဖြူ မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးသတိမူရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းနိုင်ဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများနှင့်အတူ ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်သို့သွားရောက်၍ ပြည်သူများနှင့်တွေ့ဆုံကာ ပူပြင်းခြောက်သွေ့သောကာလသို့ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေးဆိုင်ရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် နေအိမ်အဆောက်အအုံများတွင် တပ်ဆင်ထားရှိသော လျှပ်စစ်မိန်းခုံများနှင့် လျှပ်စစ်ဝါယာကြိုးများ အရည်အသွေးကောင်းမွန်မှု ရှိ/ မရှိ လိုက်လံကြည့်ရှုစစ်ဆေးကာမလိုအပ်ပဲ လျှပ်စစ်မီးများထွန်းညှိခြင်းမပြုကြရန်၊ လျှပ်စစ်မီးသုံးစွဲပြီးပါက မီးခလုတ်များကို စနစ်တကျပိတ်ထားရန် အကြံပြုဆွေးနွေးမှာကြားပြီး လျှပ်စစ်အန္တရာယ် သတိပေးပိုစတာများကပ်ထားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)