ပွင့်ဖြူ မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကြက်သွန်နီ ၉၆၀ ဧကနှင့် ကြက်သွန်ဖြူ ၂၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်နီ ၁၁၃၅ ဧက၊ ကြက်သွန်ဖြူ ၃၈ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါစိုက်ပျိုးထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူစိုက်ခင်းများကို ဒေသခံ တောင်သူများက ယခုနှစ်ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ကြက်သွန်နီ ၉၆၀ ဧကနှင့် ကြက်သွန်ဖြူ ၂၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းအနေဖြင့် ကြက်သွန်နီ တစ်ဧကလျှင် ၅၅၀၈ ပိဿာနှင့် ကြက်သွန်ဖြူ တစ်ဧကလျှင် ၃၀၀၆ ပိဿာ ထွက်ရှိကြောင်း သိရသည်။
“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ ၁၁၃၅ ဧကနဲ့ ကြက်သွန်ဖြူ ၃၈ ဧကတို့ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အဆိုပါ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ စိုက်ခင်းများကို သိမ်းဆည်းလျက်ရှိပြီး ဒီနေ့ထိ ကြက်သွန်နီ ၉၆၀ ဧက၊ ကြက်သွန်ဖြူ ၂၀ ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ကြက်သွန်စိုက်ပျိုးတောင်သူတွေကို အထွက်နှုန်း တိုးတက်စေဖို့နဲ့ စားသုံးသူပြည်သူတွေ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်၊ ဓာတုကင်းလွတ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်နဲ့အညီ စိုက်ပျိုးနိုင်အောင်လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ်ဆောင်းသီးနှံရာသီ၌ ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်စိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အထွက်နှုန်းများ ကောင်းမွန်စေရေး၊ အစားအစာဘေးကင်းလုံခြုံသော အရည်အသွေးကောင်း ကြက်သွန်များ စိုက်ပျိုးထွက်ရှိရေးအတွက် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်စေရေး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ဆောင်ခြင်း၊ ပိုးမွှားရောဂါမကျရောက်စေရန် ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်း များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြက်သွန်ကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် ကြက်သွန်(ဖြူ/နီ)ကို ပိုမိုစိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး