ပေါင်မြို့နယ်၌ နွေစပါးစိုက်ဧက (၂၃၀၉၈) စိုက်ပျိုးပြီးစီး

ပေါင် မတ် ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မတ်လ (၂၂) ရက်နေ့အထိ နွေစပါးစိုက်ဧက (၂၃၀၉၈) စိုက်ပျိုးပြီးစီးကြာင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသတွင်းဆန်ဖူလုံပိုလျှံစေရေးအတွက် နွေစပါးစိုက်ပျိုးခြင်းဖြစ်ပြီး ဆည်ရေ၊ သဘာဝဝင်ရေ၊ ချောင်းပိတ်၊ မြောင်းပိတ်၍ ရေစုပ်စက်စနစ်တို့ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်သည် နွေစပါးစိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် နှစ်စဉ်နွေသီးနှံစိုက်ပျိုးရာသီမှာ တောင်သူအများစုက နွေစပါးကို အားထားစိုက်ပျိုးကြသည်။ ဒေသခံတောင်သူ တွေကိုလည်း နွေစပါးစိုက်ပျိုးရာမှာ အထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များနဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာစနစ်တကျသုံးစွဲရေးအတွက် နယ်မြေအလိုက် တာဝန်ပေးထားတဲ့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသခံတောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နွေစပါးမျိုးတွေကတော့ အောင်နိုင်တိုး၊ မှော်ဘီ-3၊ ရွှေသွယ်ရင်၊ ရေဆင်းပေါ်ဆန်း - (၁၊ ၂)၊ ဆင်းသုခ၊ ရတနာတိုး စတဲ့ စပါးမျိုးများကို စိုက်ပျိုးကြောင်း သိရသည်။ 

ဒေသခံတောင်သူများ နွေစပါးအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ကတိုက်ဆည်မှ ဆည်ရေများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သထုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၆) ထံမှ သိရသည်။

မွန်မလေး (ပြန်/ဆက်)