မူဆယ်မြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

မူဆယ် မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နွေရာသီအခြေခံအားကစာသင်တန်းများဆင်းပွဲကို  မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မူဆယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်လူရွယ်များ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၉ ရက်နေ့မှစ၍ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် သင်တန်းဆင်းပွဲကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအားကစားသင်တန်းများတွင် ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်စသည့် အားကစားနည်းများပါဝင်ပြီး သင်တန်းဆင်းပွဲတွင် မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းဆင်းကတ်ပြားများနှင့် အားကစားအင်္ကျီများကို သင်တန်းသားများထံ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)