ဒဂုံအရှေ့ မတ် ၂၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာတံခွန်လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့ရိုးရာသိုင်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၈)ရပ်ကွက်ရှိ ပညာတံခွန်လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်း၌ ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပညာတံခွန်လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းအုပ်ဆရာတော် အရှင်ဒေါက်တာသုဇာတ (M.A, Ph.D၊ သဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ) က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား/သူများက မြန်မာ့ရိုးရာသိုင်းပညာဖြင့် သရုပ်ပြသဖျော်ဖြေခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းနည်းပြဆရာနှင့် သင်တန်းတွင် ဆုရရှိသော သင်တန်းသား/သူများအား အမှတ်တရ လက်ဆောင်များနှင့် ဆုများ ချီးမြှင့်ပြီး အမှတ်(၁၃၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ပညာတံခွန် လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်း၌ သင်တန်းသား/သူ (၇၀) ဦးဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)