ကာလိ မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်မြို့နယ်၊ ကာလိမြို့၌ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကွန်ပန်-ကွန်ခုံးအလွတ်တန်း ဖိတ်ခေါ် ဖလားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၁) ရက်နေ့ မွန်းလွဲ(၂)နာရီက ကာလိမြို့ အမှတ် (၄) ရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကွန်ဟိန်းမြို့နယ် မြို့အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကွင်းအတွင်းသို့ အားကစားသမားများ နေရာယူပြီးနောက် ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
၎င်းနောက် ကွန်ပန်-ကွန်ခုံး အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအဖြင့် ကာလိ (FC)(A)အသင်းနှင့် လွိုင်ဖာ (FC)(A)အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီးကာလိ (FC)(A)အသင်းက (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ကွန်ပန်-ကွန်ခုံး အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမဆု (၂၀) သိန်း၊ ဒုတိယဆု (၁၅) သိန်း၊ တတိယဆု (၁၀) သိန်းနှင့် စတုတ္ထဆု (၅) သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။
စည်သူ(ပြန်/ဆက်)