ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး ညောင်ရွှေမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲ ပြုလုပ်

ညောင်ရွှေ မတ် ၂၂

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားကို မတ် (၂၁) ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက အမှာစကားပြောကြားရာတွင် တောမီးနှင့်အခြားမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုသည် မြန်မာနိုင်ငံအပါအဝင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများအတွက် သိသာထင်ရှားသည့် ဆိုးကျိုးတစ်ခုဖြစ်ပါကြောင်း၊ နှစ်စဉ်ဧပြီလနှင့် မတ်လတို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်း မှုသည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် လာအိုနိုင်ငံအနောက်မြောက်ပိုင်း တို့တွင် အဓိကဖြစ်ပေါ်လေ့ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မီးခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအနေဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ချောင်းဆိုးခြင်း၊ မျက်စိစပ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများပြင်းပြင်းထန်ထန် ခံစားရတတ်ပါ ကြောင်း၊ မီးခိုးမြူငွေ့များ ထူထပ်လာသည့်အခါ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နိုင်သလို လေယာဉ်ဆင်းသက်ရန် ခက်ခဲခြင်းကြောင့် ခရီးသွားလာရေးနှင့် စီးပွားရေးကိုပါ ထိခိုက်စေနိုင်ကြောင်း၊ မြေဆီလွှာများပျက်စီး၍ ရေရှည်တွင်ရာသီဥတုဖောက်ပြန်ပြီး စိုက်ပျိုးရေးအထွက်နှုန်း ကျဆင်းနိုင်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ရွေ့ပြောင်းတောင်ယာအစား ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များဖြစ်သည့် ကွန်တို/ တောင်စောင်း စိုက်ပျိုးစနစ်နှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ်ကို ကျင့်သုံးခြင်း၊ လူနေအိမ်များမှ အမှိုက်စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေးနှင့် မီးရှို့ခြင်းအစား သဘာဝမြေဩဇာပြုလုပ်ပြီး ပြန်လည်အသုံးပြုခြင်း၊ သစ်တောစိုက်ခင်းများတွင် မီးမရှို့ဘဲစိုက်ပျိုးသည့်အလေ့အကျင့်များ ကျင့်သုံးခြင်းကို အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ သယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်းမျှတစေရေး၊ မီးခိုးမြူငွေ့ လျော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးစသည့် လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲ အခမ်းအနားသို့ ညောင်ရွှေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ