ဖြူးမြို့နယ် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၌ ဗုဒ္ဓဘာသာယဥ်ကျေးမှု သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဖြူး မတ် ၂၂

ကျောင်းသားအရွယ်ကလေးသူငယ်များ ယဥ်ကျေးသိမ်မွေ့စေရန်ရည်ရွယ်၍  ဖြူးမြို့နယ် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၌ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂဝရကြီးမှူး၍ဖွင့်လှစ်သော ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို  မတ်လ (၂၁) ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာပဓာနနာယကဆရာတော်ထံမှ (၅) ငါးပါးသီလခံယူ၍ သင်တန်းပြီးမြောက်ကြောင်း သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီး နှုတ်ဖြေရေးဖြေစာမေးပွဲ အောင်မြင်သူများအား ထူးချွန်ဆု၊ အထူးဆုများ ချီးမြှင့်ခြင်း၊ သင်ကြားရေးဆရာ/ဆရာမများနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးကြသည်။

အဆိုပါ ​ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းကို မတ်လ (၁၁) ရက်နေ့မှ မတ်လ (၂၀) ရက်နေ့ထိ နေ့လယ် (၁၂) နာရီမှ ညနေ (၄) နာရီအထိ KG တန်းမှ Grade-3 ထိ၊ Grade-4 မှ Grade-5 ထိ၊ Grade-6 ၊ Grade-7 မှ Grade-11 အထိ တန်းခွဲ (၄) ခုခွဲ၍ သင်တန်းသား၊ သင်တန်းသူ(၉၀၀) ဦးခန့်ကို ဘာသာရေးအမွေအနှစ် အသိဥာဏ်များ ရရှိစေရေး သင်ကြားပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်