စလင်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်

စလင်း မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများ၏ သင်တန်းဖွင့်ပွဲကို မတ်လ (၂၀) ရက် နံနက် ၉ နာရီက စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမဆောင်အတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး၊ ဦးဇော်နိုင်က နွေရာသီအားကစားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ မြို့နယ်အားကစားမှူး ဒေါ်ဇင်မာဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်၍ ကျန်းမာကြံခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အားကစားသင်တန်းသား၊ သင်တန်းသူများက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က သင်ထောက်ကူအားကစားပစ္စည်းများကို ပေးအပ် သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နွေရာသီအားကစားသင်တန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၃၂၅) ဦး နွေရာသီအားကစားသင်တန်းတက်ရောက်ခဲ့ကာ နွေရာသီအားကစားသင်တန်းများအဖြစ် ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘောလီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း အားကစားသင်တန်းများကို မတ်လ ၂၀ ရက်မှ မေလ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

မောင်လွင်(စလင်း)