တောင်ငူမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တောင်ငူ မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တောင်ငူခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က “သဘာဝအရင်းအနှီးဖြစ်သော သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားရေရှည်ဖွံ့ဖြိုးရေး ဖော်ဆောင်စို့” ခေါင်းစဥ်ဖြင့် သစ်တော၊ ဂေဟစနစ်ဝန်ဆောင်မှုနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုအကြောင်း၊ သစ်တောသယံဇာတအရင်းအမြစ်များ ပျံ့နှံ့တည်ရှိမှု၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးမှု အထောက်အပံ့များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် သစ်တော၏ အခန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှု (သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများထုတ်လုပ်မှု)၊ သစ်တောများနှင့် အောက်ဆီဂျင်ထုတ်လုပ်မှု၊ သစ်တောများနှင့် ရေချိုအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှုအခန်းကဏ္ဍနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးလာမှု၊

သစ်တောများ ထာဝစဥ်တည်တံ့စေရေး နိုင်ငံတကာနှင့်ဒေသအတွင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုအား ပြသခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)