ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 ပဲခူး      မတ်        ၂၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ပဲခူးခရိုင်၊ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို၂၀၁၂ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံက သစ်ပင်၊ သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတ များ တိုးပွားစေရန် ကမ္ဘာနှင့်အဝန်းအမျိုးစားစုံလင်သည့် သစ်တောဂေဟစနစ်များ၏ အရေးပါမှုကို ပိုမိုသိရှိ နားလည်နိုင်ရန် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နှစ်စဉ် မတ်(၂၁)ရက်ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “ International  Day  of Forests” အဖြစ် ၂၀၁၂ ခုနှစ်က စတင်သတ်မှတ်ပေးခဲ့ပါကြောင်း၊ ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်လျှက်ရှိသည့် ဇီဝအခြေပြုစီးပွားရေး (Bioeconomy)အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ရာသီဥတုမျှတစေရေးနှင့် စိုက်ပျိုးစီးပွားဖွံ့ဖြိုးရေးကဏ္ဍ၊ ဂေဟစနစ်ဝန်ဆောင်မှုနှင့်သဘာဝအခြေပြု နည်းလမ်းများဖြင့် စီးပွားရေးဆောင်ရွက်နိုင်မှုဖော်ဆောင်ရေး၊ လူမှုဘဝဖွံ့ဖြိုးရေးနှင့်သက်ရှည်  ကျန်း​မာရေးကဏ္ဍများအတွက် သစ်ပင်၊ သစ်တောများ၏ အဓိကအခန်းကဏ္ဍပါဝင်နေမှုကို ကမ္ဘာသူ/သားများအား မြှင့်တင်အသိပေးလိုသည့်အတွက် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို "သစ်တောများနှင့်စီးပွားရေး ( Forest and Economies)” ဆောင်ပုဒ်နှင့်ကျင်းပခြင်းဖြစ်ကြောင်း၊ သစ်ပင်သစ်တောများသည် နိုင်ငံ့စီးပွားဖွံ့​ဖြိုး ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ပြီး သစ်တောသယံဇာတပေါကြွယ်ဝမှုနှင့် နိုင်ငံ၏လှုမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေပြီး သစ်တောဖုံးလွှမ်းမှုတိုးပွား လာသည်နှင့်အမျှ ဂေဟစနစ် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကာ ခေတ်မှီနည်းစနစ်များ တီထွင် ဆန်းသစ်မှုများဖြင့် ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးမြှင့်ပြီး သစ်တောသယံဇာတများထိန်းသိမ်းရေး၊ သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံ၏စီးပွားရေးကိုအထောက်အကူပြုစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အခမ်းအနားသို့ တက်ရောက် လာသူများမှ ၂၀၂၆ခုနှစ်အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုကို ကြည့်ရှု အားပေးကြကြောင်း သိရသည်။

ထက်အောင်လင်း(ပြန်/ဆက်)