နတ်မောက် မတ် ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နွေရာသီကာလ၌ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းကမြို့ပေါ်(၇) ရပ်ကွက်ရှိစျေးရပ်ကွက်လူနေအိမ်များသို့ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနတို့က နေအိမ်များအတွင်းရှိ လျှပ်စစ်ကြိုးများ ဟောင်းနွမ်းမှုရှိ/မရှိ၊ နေအိမ်တွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေကန်များ ရေဖြည့်တင်ထားခြင်း ရှိ/မရှိ၊ မီးဖိုအသုံးပြုပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြိမ်းသတ်ခြင်းရှိစေရန်တို့အား လိုက်လံစစ်ဆေးခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိက မိဘပြည်သူများအနေဖြင့် မီးပေါ့ဆမှုကြောင့် မီးလောင်မှုမဖြစ်ပွားစေရန် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ ပြီးမီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာမီးသတ်စခန်းသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားစေရန် ဖုန်းနံပါတ်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း