စစ်တွေ မတ် ၂၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးရဲကျော်သူကျောင်းတိုက်ရှိ သကျမုနိ သိမ်တော်ကြီးနှင့် ပင်မကျောင်းဆောင် ပြုပြင်ပြီးစီးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးရဲကျော်သူကျောင်းတိုက်၌ သကျမုနိ သိမ်တော်ကြီးရှိ ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ် လှူပူဇော်ကြပြီး သကျမုနိသိမ်တော်ကြီး ပြုပြင်ပြီးစီးနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ဦးရဲကျော်သူ ကျောင်းတိုက်ဆရာတာ်အား ဖူးမြော်ပြီး ကျောင်းတိုက်နှင့် သိမ်တော်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးနေမှုနှင့် သာသနာရေးဆိုင်ရာများအား လျောက်ထားကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဦးရဲကျော်သူကျောင်းတိုက်ရှိ ရှင်းလင်းဆောင်၌ စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက သကျမုနိသိမ်တော်ကြီးနှင့် ပင်မကျောင်းဆောင်အား ရှေးမူမပျက် ပြုပြင်ပြီးစီးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံး၊ ရခိုင် ပြည်နယ်လွှတ်တော်ရုံး အဆောက်အဦ ပြင်ဆင်ထိန်းသိမ်းရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်ကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်လွှတ်တော်ရုံး အဆောက်အဦပြင်ဆင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦအား အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က လွှတ်တော်ကိုယ်စားလှယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၃ ခုနှစ်၊ မေလ(၁၄) ရက်နေ့တွင် တိုက်ခတ်ခဲ့သည် (မိုခါ) မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံး ပျက်စီးဆုံးရှုံးမှုများပြားစွာ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများထဲတွင် ရခိုင်ပြည်နယ်လွှတ်တော်ဆိုင်ရာ အခြေခံအဆောက်အဦ များဖြစ်သည့် လွှတ်တော်ရုံး၊ လွှတ်တော်ဧည့်ရိပ်သာအဆောက်အဦနှင့် လွှတ်တော်ဝန်ထမ်းအိမ် ရာများပါဝင်ခဲ့ကြောင်း၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် နယ်မြေဒေသ အခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားခဲ့ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်ကာလတွင် လွှတ်တော်အစည်းအဝေး များ အဆင်ပြေစွာကျင်းပနိုင်ရန် ရခိုင်ပြည်နယ်လွှတ်တော်ဆိုင်ရာ အခြေခံအဆောက်အဦများ ပြင်ဆင်ထိန်းသိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် အမြင်တင့်တယ်စေ ရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ခဲ့ရာ လက်ရှိ ကာလတွင် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ရေး လုပ်ငန်းများ ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လွှတ်တော်အစည်းအဝေးများကျင်းပရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် 100 KVA ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်အား တပ်ဆင် ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် စစ်တွေတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခ ဌာနမှူးများ ဖြင့် သင်တန်းပို့ချခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်ဆိုလာမီးအိမ်နှင့် အခြား လိုအပ်ချက်များကို ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အလားတူ ကျန်းမာရေးကဏ္ဍအနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ပြည်သူ့ဆေးရုံများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိုင်ခဲ့ပြီး ပင်စင်စားနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေး စောင့်ရှောက် မှုပေးခြင်း၊ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ ချီးမြှင့်ပေးအပ်နိုင်ခဲ့ကြောင်း၊ အားကစားကဏ္ဍအနေဖြင့် နွေရာသီအားကစားသင်တန်း၊ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် ရာသီအလိုက် အားကစားပြိုင်ပွဲများလည်း စည်ကားသိုက်မြိုင်စွာ ကျင်းပ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် လူငယ်ဖိုရမ်းများ၊ စာတမ်းဖတ်ပွဲများ ဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပပြုလုပ်ပေး နိုင်ခဲ့ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စံပြစိုက်ကွက် စိုက်ခင်းများ၊ မျိုးစေ့ထုတ်စိုက်ခင်းများ ဖော်ထုတ် စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာထုတ်လုပ်မှု သင်တန်းများပေးခြင်း၊ စိုက်ပျိုးရေးဇုံများထူထောင်ပေးပြီး သန့်ရှင်လတ်ဆတ်၍ ဈေးနှုန်းချိုသာသော စားဖိုဆောင်သီးနှံများ အများပြည်သူ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့သကဲ့သို့ စစ်တွေမြို့ရှိ စုရပ်(၅၄)ခုတွင် နေထိုင်ကြသော ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့များ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေး၊ သန့်ရှင်းသာယာလှပရေး၊ အများပြည်သူနှင့်ဆိုင်သော အဆောက်အဦများ၊ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် Quick Win အစီအစဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့တာဝန်ယူစဉ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ လူငယ်ရေးရာကဏ္ဍ၊ အားကစားကဏ္ဍ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းသာသနိက အဆောက်အဦများ ပြုပြင်မွမ်းမံခြင်းများအပြင် လူမှုကူညီရေးအသင်းအဖွဲ့များအား ချီးမြှင့်ပံ့ပိုးခြင်းများကိုလည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မကြာမီပေါ်ထွက်လာမည့် အစိုးရအဖွဲ့အနေဖြင့် မိမိတို့တာဝန်ယူစဉ်ကာလထက် ပိုမိုသာလွန်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တည်ခင်းကျွေးမွေးသော နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရသည်။
တင်ထွန်း (ပြန်/ဆက်)