ပုသိမ် မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် နာယူကြည်ညိုခဲ့ကြသည်။
ဦးစွာအခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့အဖြစ်ဖြေဆိုရသည့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား ဖြေဆိုပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူများကို နှုတ်ဆက်အားပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဦးဆောင်သော အမျိုးသမီး ရေးရာအဖွဲ့က ကျောင်းသား၊ ကျောင်းသူများကို အားဖြည့်အချိုရည်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ခွင့်ပြုမိန့်ထုတ်ပေးခဲ့သော တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားပြီး ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြမှုများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထို့အပြင်ယမန်နေ့မွန်းလွဲပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) သို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူးက လယ်ယာမြေ အမှုတွဲများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် အဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေး တင်ပြမှုများအပေါ် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)