ပိုက်ကျော်ခြင်းလိဂ် ၂၀၂၆ ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ရန်ကုန် မတ် ၁၅

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ရွှေသံလွင်မီဒီယာတို့ ပူးပေါင်းပြုလုပ်သည့် (Myanmar Sepaktakraw League) ပိုက်ကျော်ခြင်းလိဂ် ၂၀၂၆ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ရွှေသံလွင်မီဒီယာမှ အားကစားတာဝန်ခံကိုသစ္စာက ရုပ်သံထုတ်လွှင့်မှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာဓိဌာန်လေးချက်ရွတ်ဆိုကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည့် ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ မတ် (၁၄) ရက်မှ ဧပြီ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးသားလေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကာ အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲဝင်အသင်း (၅) သင်း၊ အမျိုးသားပြိုင်ပွဲဝင်အသင်း (၁၀) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)