မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်

မြစ်သား မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင်အခြေခံရရှိစေရန် ရည်ရွယ်၍ မတ် ၁၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကဏ္ဍအထောက် အကူပြုစေရန်၊ စာစီစာကုံးရေးသားရာတွင်လိုအပ်သည့်အကြောင်းအရာများကို ပြည့်စုံစွာရေးသားတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမကြီး‌ ဒေါ်စန်းစန်းဝေက စာစီစာကုံးရေးသားရာတွင်ပါဝင်ရမည့် အဓိကအချက်များ၊ စာစီစာကုံး‌တွေးနည်း၊ ရေးနည်းများ စာစီစာကုံးအမျိုးအစားများစသည့်အကြောင်းအရာများကို အခြေခံသင်ကြား‌ပေးမည်ဖြစ်ကြောင်း‌ ရှင်းလင်း‌ပြောကြားသည်။ စာစီစာကုံးရေးနည်းသင်တန်းကို မြစ်သားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး တို့တက်ရောက်ပြီး  မတ် ၁၆ရက်မှ ၂၀ ရက်အထိ သင်တန်းကာလ ၅ ရက်ကြာ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။ 

ဝါဝါမြင့် (မြစ်သား)