ချောက် မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ထိခိုက်လွယ်သူများ (သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ) အပူရှောင်နိုင်ရေး၊ အပူဒဏ်မှ ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းကို အမှတ် (၁၁) ရပ်ကွက် မြို့လယ်သာသနာ့ဗိမာန်တွင် မတ်လ ၁၆ ရက် ညနေ ၃ နာရီအချိန်ကစတင်ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အပူရှောင်လာသည့် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များအား စလင်းပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကေသဝမှ သီလပေးတရားများ ချီးမြှင့်ပေးခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေးခြင်းများ ဟောပြောခဲ့သည်။
ထိုနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အပူရှောင်လာသူများအား မုန့်လက်ဆောင်ဖြင့်လည်းကောင်း၊မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတာဝန်ရှိသူများက အချိုရည်များဖြင့်လည်းကောင်း ဧည့်ခံကျွေးမွေးလျက်ရှိသည့်အပြင်မြို့နယ်ကျန်းမာရေးဌာနမှ ဘိုးဘွားများအား ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစစ်ဆေး၍ တိုင်းရင်းဆေးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အပူရှောင်စခန်းအတွက် သောက်ရေသန့်၊ ဓာတ်ဆားရည်အဖြစ် ရွိင်ရယ်ဒီများ၊ယပ်တောင်များ အသင့်စီစဥ်ဆောင်ရွက်ထားရှိပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအပူရှောင်စခန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်ကြီးကြပ်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူး ပေါင်း၍ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အပူရှောင်စခန်းကို အပူချိန်မြင့်မားနေသည့် ကာလတစ်လျှောက် မတ်လ ၁၆ ရက်နေ့မှ ဧပြီလ ၁၄ ရက်နေ့အထိ နေ့စဥ်နံနက် ၁၀နာရီမှ အပူချိန်လျော့ကျသည့် ညနေ ၅ နာရီအချိန်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အပူရှောင်စခန်းစတင်ဖွင့်လှစ်သည့် မတ်လ ၁၆ ရက်နေ့တွင် အပူရှောင်လာသူ ၅၅ ဦးရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)