မြန်အောင် မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့က မြို့နယ်အတွင်း စားသောက်ကုန်လုပ်ငန်းသုံးဆီထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်းပြောကြားခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်နှင့် တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဦးမင်းဇော်ဦးတို့က လုပ်ငန်းလိုင်စင်ပြုလုပ်ရေး၊ လုပ်ငန်းသုံးစားအုန်းဆီများ စနစ်တကျခွဲဝေပေးနေမှုအခြေအနေ၊ ဆီရရှိမှုနှင့် ခွဲဝေဖြန့်ဖြူးပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် မြန်အောင်မြို့နယ်အတွင်း လုပ်ငန်းသုံးဆီထုတ်ယူသုံးစွဲသည့် လုပ်ငန်းရှင် (၉၅) ဦးတို့အား လုပ်ငန်းကြီး၊ လတ်၊ ငယ်ခွဲခြား၍ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးတွင် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဆီဖြန့်ဖြူးရောင်းချပေးကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)