မင်းဘူး မတ် ၁၆
ရွှေသမင်များသည် ခွာစုံနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး၊ မျိုးစဉ် Artiodactyla၊ မျိုးရင်း Cervidae၊ မျိုးစိတ် Cervus eldi ဖြစ်ကာ မျိုးစိတ်ခွဲသုံးမျိုးရှိကြောင်း သိရသည်။ ရွှေသမင်အား ဇီဝဗေဒပညာရှင်များမှ Eld’s Deer ဟု ခေါ်ဆိုကြပြီး ၁၈၃၈ တွင် ဗြိတိသျှတပ်မတော်အရာရှိ Percy Eld မှ အိန္ဒိယနိုင်ငံ မဏိပူရ ချိုင့်ဝှမ်းဒေသတွင် စတင်တွေ့ရှိ၍ တွေ့ရှိသူအမည်အား အစွဲပြုကာ Eld’s Deer ဟု ခေါ်ဆိုခြင်းဖြစ်သည်။
အိန္ဒိယ သမင်မျိုးစိတ် Cervus eldi eldi အား အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင်သာ တွေ့ရပြီး ယခုအခါ အကောင်ရေ ၂၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် နောင်ရေရှည်တွင် မျိုးသုဉ်းမည့် အန္တရာယ်များစွာဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပညာရှင်များမှ ခန့်မှန်းကြသည်။ ယင်းသမင်များကို မဏိပူရဘာသာစကားဖြင့် Sangai ဟု ခေါ်ကာ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ အလီပိုးတိရစ္ဆာန်ဥယျာဉ်တွင် ရွှေသမင်များကို ခြံလှောင်သားဖောက် မွေးမြူမှုပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း တွေ့ရှိကြသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်တွင် မွေးမြူထားလျက်ရှိရာ ၎င်းဥယျာဉ်သည် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး ၂၁၃.၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ အပူပိုင်းခြောက်သွေ့တော၊ သန်းဒဟတ်တောများကိုလည်းကောင်း၊ မုန်းချောင်းနှင့် မန်းချောင်း ရေဝေကုန်းတန်းများကိုလည်းကောင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဓိကအားဖြင့် ရွှေသမင် (Cervus eldi) များ၏ စားကျတ်နေရာများကို ထိန်းသိမ်းရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဥယျာဥ်မှ ရွှေသမင်များကို ထိန်းသိမ်းစောင့်ရှောက်ထားသည်မှာ ၂၀၁၂ ခုနှစ်မှစတင်ကာ နေပြည်တော် ဆာဖာရီဥယျာဉ်နှင့် ပုဂံလောကနန္ဒာဥယျာဉ်များမှ အထီး ၅ ကောင်၊ အမ ၇ ကောင်ဖြင့် စတင်မွေးမြူကာ ယခုအချိန်တွင် အထီး ၂၀ ကောင်၊ အမ ၃၅ အကောင် စုစုပေါင်း ရွှေသမင် ၅၅ ကောင်ရှိကြောင်း သိရသည်။ ရွှေစက်တော် ဘေးမဲ့တော၏ မြေမျက်နှာပြင်မှာ မနိမ့်မမြင့် တောင်ကုန်းတောင်တန်း ဆင်ခြေလျှောများနှင့် သဲကျောက်များ ဖုန်းလွှမ်းလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀ မှ ပေ ၆၀၀ အထိ မြင့်သောနေရာတွင်တည်ရှိကာ ရွှေသမင်များလည်း ကောင်းစွာရှင်သန်ပေါက်ပွားလျက်ရှိကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)