ငဖဲမြို့ မြို့တော်ဦးကျောင်းတိုက်တွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပို့ချ

ငဖဲ မတ် ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ မြို့တော်ဦးကျောင်းတိုက်ဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘန္တဒ္ဒကေသရ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ ကျောင်းသူများ အခြေခံကိုယ်ကျင့်တရားကောင်းမွန်စေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာ သင်တန်းကို မတ်လ ၉ ရက် နေ့မှစ၍ ငဖဲမြို့မရပ်ကွက်ရှိ မြို့တော်ဦးကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ နံနက် ၈ နာရီတွင် မြို့တော်ဦးကျောင်းတိုက် ဆရာတော် ဦးသုနန္ဒထံမှ ငါးပါးသီလနှင့် ဩဝါဒစကား ခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ စာအုပ်ပါ ဗုဒ္ဓဝင်အကျဉ်း၊ ဩကာသဘုရားရှိခိုး နှင့်တကွ သီလခံယူဆောက်တည်ပုံ၊ ရတနာမြတ်သုံးပါး ဂုဏ်တော်ပါဠိအနက်၊ မေတ္တာပို့အမျှဝေ၊ ၃၈ ဖြာ မင်္ဂလာကဗျာများကိုလည်းကောင်း၊ လောကနီတိနှင့် ဆုံးမစာများကို သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ ကျောင်းသား/သူ  ၇၃ ဦး တက်ရောက်ကြပြီး မတ်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း နှင့် ကျောင်းသား/သူများအား အလှူရှင်များမှ စာရေးကိရိယာများ လှူဒါန်းပြီး နေ့စဉ် အချိုရည်၊ မုန့် ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

မယု(ငဖဲ)