အင်းစိန် မတ် ၁၅
ဓမ္မစကူးလ်ပညာရေးကဏ္ဍ၊ ဓမ္မစကူးလ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးကဏ္ဍတို့၌ အချင်းချင်းရင်းနှီး ပွင့်လင်းစွာဆွေးနွေးဖလှယ်အကြံပြုနိုင်ရန်စသော ရည်ရွယ်ချက်များဖြင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) တည်ထောင်ခြင်း (၁၄)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင် သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဩဝါဒါစရိယ၊ သီတဂူဆရာတော်ကြီး ဘဒ္ဒန္တဉာဏိဿရ တက်ရောက်ချီးမြှင့်ဩဝါဒမိန့်ကြားခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တ(နေနတ်သား) ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရ၊ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) ဂုဏ်ထူးဆောင်နာယက စိန်ရတနာဆရာတော် ဒေါက်တာဘဒ္ဒန္တသာသနဝရ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့် အနယ်နယ်အရပ်ရပ်မှ ပင့်ဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဓမ္မစကူလ်းဆရာ၊ ဆရာမများ တက်ရောက် ပူဇော်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သီတဂူဆရာတော်ကြီးအား ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်း၊ ဓမ္မစကူလ်းဖော်ဒေးရှင်းအတွက် အလှူငွေများ ဆက်ကပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယသော ဠသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ကြီးထံမှ တက်ရောက် လာကြသူများက ဓမ္မစကူးလ်ဆိုင်ရာ ဩဝါဒကထာ နာယူခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒကထာ နာယူခြင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ချုပ်ဆရာတော်ထံမှ ဓမ္မစကူးလ်ဆိုင်ရာဩဝါဒကထာ နာယူခြင်း၊ ရန်ကုန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌထံမှ ဩဝါဒကထာနာယူခြင်း၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဂုဏ်ထူးဆောင်နာယက စိန်ရတနာဆရာတော်ထံမှ ဓမ္မစကူးလ်ဆိုင်ရာ ဩဝါဒကထာ နာယူခြင်းများဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ဓမ္မစကူးလ်လုပ်ငန်းစဉ်များ အကျဉ်းချုပ်လျှောက်ထားပြီး ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်ပြီး အလှူရှင်များက ကြွရောက်တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ်များအား လှူဒါန်းဖွယ်များ ဆက်ကပ်လှူဒါန်ကြပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ထံမှ ရေစက်ချ တရားနာယူခဲ့ကြပြီး သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူးဒါန်းခဲ့ကြသည်။
ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်များမှာ ခေတ်မီသင်ကြားရေးနည်းစနစ်များ ပါဝင်သည့် အတန်းစဉ်အလိုက် ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးသည့် ဓမ္မစကူးလ်ကျောင်းများ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်လာပြီး မျိုးဆက်သစ်လူငယ်များ ဗုဒ္ဓတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်ရန်၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓတရားတော်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဓဘာသာဝင်များဖြစ်လာရန်၊ ဆရာနှင့်ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန် တို့ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)