မိတ္ထီလာမြို့နယ်၌ ၂၀၂၆ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပ

မိတ္ထီလာ မတ် ၁၅

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က မိတ္ထီလာပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသူဘဝ” ဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများ ထိထိရောက်ရောက် ကာကွယ်ရရှိစေရေး ဝိုင်းဝန်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ၎င်းနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip အားပြသပြီး မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဒီဂရီကောလိပ်မှ ဝန်ထမ်းများက “စားသုံးခွင့်ရေးကာကွယ်ပေး” သီချင်းကို သရုပ်ဖော်ကပြပြီး ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူများက ပတ္တလားအတီးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ ဖျော်ဖြေတင်ဆက်ခဲ့သည့် အဖွဲ့များအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့် မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုလတ်ထွေးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)