ကြံခင်း မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေလယ်ပိုင်းက ကြံခင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုနှင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦးကွန်ကရစ်တံတား (ပေ ၁၀၀×ပေ ၂၀) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများက စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာနတွင် စက်မှုအတတ်ပညာ ဘာသာရပ်မှ ပေါင်းစပ်သိပွံဘာသာနှင့် သီးနှံထုတ်လုပ်ရေး (၃)ဘာသာရပ်တို့အား ကျောင်းသား၊သူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုနေမှုအား ကြည့်ရှုပြီး၊ ပုသိမ်-မုံရွာ-ဘက်ရဲမြို့အဝင်လမ်းပေါ်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် တံတားဦးကွန်ကရစ်တံတား (ပေ ၁၀၀×ပေ ၂၀) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းတို့က အဆိုပါတံတားမုဒ်ဦးတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား ကွန်ကရစ်တံတားသစ် ဖွင့်ပွဲအမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ပြီး၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ယင်းနောက် ကွန်ကရစ်တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီအားဖြည့်ပေးပါသော ဒိုးပတ်ဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဘက်ရဲမြို့၊ အမှတ်(၂)၊ တောင်သူ ဦးမြင့်အောင်၏ လယ်မြေ ကွင်းအမှတ် (၅၉) ရွှေတစ်ကျောင်းကွင်း၊ ဦးပိုင် (၇၉)၊ ၃ ဧကတွင်ပေါ်တွင် မျိုးစေ့ချကိရိယာဖြင့် (အောင်နိုင်တိုး) နွေစပါးအား မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုပြီး၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့အား နည်းစနစ်မှန်ကန်စွာဖြင့် အသုံးပြုနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)