မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၆-ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မကွေး မတ် ၁၄

၂ဝ၂၆ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးတွေ ပြည့်ပြည့်ဝဝရရှိစေရန်နဲ့ လိုက်နာရမယ့်တာဝန်တွေသိရှိစေရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာတွေတိုးပွားစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန်၊ မျှတမှုရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဝန်းကျင်ကောင်းတစ်ခုရရှိစေဖို့နဲ့ စားသုံးသူတွေရဲ့ အခန်းကဏ္ဍမြှင့်တင်နိုင်ဖို့ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားရဲ့ ဆောင်ပုဒ်ကတော့ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ”(Safe Products,Confident Consumers) ဆောင်ပုဒ်နှင့်အညီ ဘေးကင်းလုံခြုံမှုမရှိတဲ့ ထုတ်ကုန်တွေကို သုံးစွဲမိမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ ဒါ့ကြောင့် စားသုံးသူတွေအနေနဲ့ကုန်စည်ဝန်ဆောင်မှုတွေကို သုံးစွဲရာမှာသေချာစွာဂရုပြုရွေးချယ်ဝယ်ယူအသုံးပြုသင့်ကြောင်း၊ သတ်မှတ်ထားတဲ့ ကုန်အညွှန်းအမှတ်အသားတွေ ပြည့်စုံစွာထည့်သွင်းဖော်ပြထားမှု ရှိ/ မရှိ သေချာစွာစိစစ်ပြီးမှသာ ရွေးချယ်ဝယ်ယူသုံးစွဲရမှာဖြစ်ပါကြောင်း၊ ထုတ်ကုန်များ ဘေးကင်းလုံခြုံစေရေးဟာ တစ်ဦးတစ်ယောက်တည်း တာဝန်မဟုတ်ဘဲ အစိုးရဌာနတွေ၊ အသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်တွေ၊ စားသုံးသူပြည်သူတွေအားလုံးပူးပေါင်းဆောင်ရွက်ရမယ့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅)ရက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ဖြစ်ပေါ်လာပုံနှင့် “Safe Products,Confident Consummers” “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဟူသော ဆောင်ပုဒ်နှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် Safe Products များခင်း ကျင်းပြသထားသောပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)