ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပဉ္စမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်

စစ်တွေ မတ် ၁၃

နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပဉ္စမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာပြည်သူများနှင့် ဖိတ်ကြားသူထားသူများ တက်ရောက်ကြသည်။

ဦးစွာရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ပြည်သူများအား ပဉ္စမအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ (အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ) (၃)လစာအတွက် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ (၁၁၅၂၂) ဦးထံသို့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ယနေ့အထိ စစ်တွေမြို့နယ်ရှိ နေရပ်စွန့်ခွာ ပြည်သူများ အတွက် (၂၄) ပြည်ပါ ဆန်အိတ် (၈၃၆၉) အိတ်နှင့် (၁၉) ပြည်ပါ ဆန်အိတ် (၁၇၃၂၃) အိတ်၊ ကျောက်ဖြူမြို့နယ် နေရပ်စွန့်ခွာပြည်သူများအတွက် (၂၄) ပြည်ပါ ဆန်အိတ် (၆၀၀၀) အိတ် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းဖွင့်ချိန်တွင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစုရပ် (၅၄) ခုမှ ကျောင်းသား၊ ကျောင်းသူများ မိုးရာသီတွင် အသုံးပြုရန်အတွက် အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၇၆) ဦးတို့အား တစ်ဦးလျှင်ထီးနှင့် စာရေးကရိယာများ ငွေကျပ်တစ်ရာရှစ်ဆယ်သိန်း လေးသောင်း ခုနစ်ထောင်ဖိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စုရပ်(၅၄) ခုတွင်ရောက်ရှိနေသော မိဘပြည်သူများ လုံခြုံစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် လူနေဆောင် (၂၀) ဆောင်၊ စားချက်ဆောင်(၂၈) ဆောင်၊ အိမ်သာ(၂၇)လုံး၊ လုံခြုံရေးမီး (၁၃၅)လုံး၊ ရေတွန်းလှည်း (၄၂) စီးတို့အား စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ မိဘပြည်သူများ၏ သား၊ သမီးများပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် နီးစပ်ရာကျောင်းများတွင် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် သား၊ သမီးများပညာရေး ဆုံးခန်းတိုင်အောင် တက်ရောက် ပြီးစီးရေး တိုက်တွန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ ဝါတွင်းကာလတွင် နေရပ် စွန့်ခွာပြည်သူများ ကောင်းမှုကုသိုလ်ပြုလုပ်နိုင်ရေးအတွက် ယာယီနေရပ်စွန့်ခွာစုရပ် (၅၄) ခုရှိ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းလျှင် ဝါဆိုသင်္ကန်း (၁) စုံနှင့် နဝကမ္မအလှူငွေ (၂) သိန်း ဆက်ကပ်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် တစ်ရာခြောက်ဆယ် နှစ်သိန်းအားထောက်ပံ့ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ပဉ္စမအကြိမ် ထောက်ပံ့ငွေများအား (၃) လစာအတွက် (၁) ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့နိုင်ရေး မြို့နယ်များသို့ လွှဲပြောင်းပေးထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက နေရပ်စွန့်ခွာ ပြည်သူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိအောင် သွားရောက်ထောက်ပံ့သွားကြရန် ပြောကြား သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က နေရပ်စွန့်ခွာဝန်ထမ်းများနှင့်နေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)