အောင်လံမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

အောင်လံ မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၌ ကျရောက်မည့် "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့"ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးလှုပ်ရှားမှုတစ်ရပ်ကို ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီးရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက "ထုတ်ကုန်ဘေးကင်းလုံခြုံမှု ယုံကြည်စိတ်ချ စားသုံးသူဘဝ" ဆောင်ပုဒ်နှင့်အညီ စားသုံးသူများသိရှိလိုက်နာရမည့် အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှုအရေးကြီးပုံနှင့် ဘေးကင်းလုံခြုံသောကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို စျေးဝယ်သူများနှင့် ခရီးသွားပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အောင်လံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဝယ်ယူရာတွင် နစ်နာမှုမရှိစေရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယခုကဲ့သို့အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)