ချမ်းအေးသာစံ မတ် ၁၂
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာဘာသာရပ်ကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၇ ဒသမ ၀၆ ရာခိုင်နှုန်း ဖြေဆိုခဲ့သည်။
ချမ်းအေးသာစံမြို့နယ်အတွင်း၌ အ.ထ.က(၅)၊ အ.ထ.က(၁၂)၊ အ.ထ.က(၁၄)၊ အ.ထ.က(၁၆)၊ ဆေးရုံကြီး စာစစ်ဌာနစုစုပေါင်း ငါးခုသတ်မှတ်ထားပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂,၁၇၅ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၂,၁၁၁ ဦး၊ ပျက်ကွက်ကျောင်းသား ၆၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးထံမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းဦးဆောင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာနပတ်ဝန်းကျင်များ၌ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးစသည်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)