တောင်တွင်းကြီး မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီမြတ်ကြီး၏ နှစ်စဥ်ကျင်းပမြဲဖြစ်သော (၁၁၉၆) ခုနှစ်၊ ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က ဇေယျဝဎ္ဍနဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ သာယာအေးကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစာရိတဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်ဆရာတော်၊ ကန်တော်မင်းကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုစိတ္တ ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှတမ်းပေးဝေခဲ့ပြီး တောရစွယ်တော်ဆရာတော်အရှင်သူမြတ်က နတ်၊ ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်း ရွတ်ဖတ်ပူဇော်ခဲ့ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)