ကန့်ဘလူ မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း Fire Hotspot အရေအတွက်လျှော့ချရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို မတ် ၉ ရက်နံနက် ၉ နာရီခွဲက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်နွယ်ဦးက Fire Hotspot အရေအတွက်လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှကြိုင်က လေထုညစ်ညမ်းမှုအန္တရာယ် တားဆီးကာကွယ်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍနှင့် စပ်လျဥ်း၍ ဆောင်ရွက်ရ မည့်နည်းလမ်းများ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဌေးဝင်းက စနစ်တကျမီးငြှိမ်းသတ်ရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ ဆောင်ရွက်နိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်သော်က အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ များအကြောင်းစသည့်ခေါင်းစဥ်များဖြင့် အသိပညာပေးဟောပြောသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)