စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေး ခန်းမနှင့် တည်းခိုအိပ်ဆောင်၊ ထမင်းစားဆောင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု များအား သွားရောက်ကြည့်ရှု

မုံရွာ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများသည် မတ်လ ၉ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးလွှတ်တော်ရုံး အကြီးမှူးက လွှတ်တော်ကိုယ်စားလှယ်များ ကြိုပို့သွားလာရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှု၊ တည်းခိုနေရာချထားသွားမည့် အိပ်ဆောင်များ၊ ထမင်းစားဆောင်နှင့် လွှတ်တော်ဝန်းအတွင်း သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် လုံခြုံစွာသွားလာနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကော်မတီ (၉) ရပ်မှတာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်းပစဉ်ကာလအတွင်း မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးခန်းမ၊ လွှတ်တော် ကိုယ်စားလှယ်များ နားနေခန်း၊ ရုံးခန်းများ၊ အိပ်ဆောင် အဆောက်အဦများနှင့် ထမင်းစား အဆောင်တို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကြိုတင်ရောက်ရှိနေကြသည့် တိုင်းဒေသကြီးအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၆)သို့ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ဒေသခံပြည်သူလူထု အကျိုးရှိစေမည့် လုပ်ငန်းများအား လုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကော်မတီအဖွဲ့ဝင် အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက ခရီးသွားလုပ်ငန်း ကော်မတီ (၂/၂၀၂၆) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများသွားလာရေး၊နေထိုင်ရေးနှင့် ဟိုတယ်/ တည်းခိုရိပ်သာများ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေအနေများအားလည်းကောင်း အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)