ရေနံချောင်း မတ် ၁၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ မတ် ၃ ရက်နေ့မှစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများကို အခမဲ့ဖွင့်လှစ်ပို့ချလျက်ရှိသည်။
နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် အင်္ဂလိပ်စာအခြေခံမှစ၍ အလွယ်တကူသင်ယူတတ်မြောက်စေရန် Grammar၊ Speaking၊ Listening ၊ Reading ၊ Writing ဘာသာရပ်များကိုလည်းကောင်း၊ ပန်းချီအနုပညာကို ကိုယ်တိုင်ခံစား၍ စိတ်ကူးပုံဖော်ရေးဆွဲတတ်စေရန် ပန်းချီသင်တန်းတွင်အခြေခံမျဉ်းရေးဆွဲနည်း၊ ကာလာအရောင်ဆက်စပ်မှု၊ လူပုံရေးဆွဲနည်း၊ ရှုခင်းပုံရေးဆွဲနည်းစသည့် ပန်းချီရေးဆွဲနည်းဆိုင်ရာ ဘာသာရပ်များကိုလည်းကောင်း သင်တန်းဆရာများက အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းများကို မတ်လ ၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး သင်တန်းတွင် မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၄၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကိုစိုးကြီး