ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲပြုလုပ်ပေးသဖြင့် ဒေသခံတောင်သူများအတွက် အဆင်ပြေ

ပွင့်ဖြူ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီ ၊ Good Brother သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့နှင့်ပူးပေါင်းပြီး မင်းဘူးမြို့နယ် စကုမြို့ရှိ ဝါစက်ရုံ၌ တောင်သူအစုအဖွဲ့များစုပေါင်းပြီး ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပဲမျိုးစုံသီးနှံလာရောက်ရောင်းချသည့် ဒေသခံတောင်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

“တောင်သူတွေအတွက် ပဲမျိုးစုံသီးနှံများ အဆင်ပြေစွာရောင်းချနိုင်ရန်အတွက် မင်းဘူးမြို့နယ် စကုမြို့ရှိ ဝါစက်ရုံမှာ တောင်သူအစုအဖွဲ့များ ပူးပေါင်းပြီးတော့ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲကိုတော့ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေးကုမ္ပဏီ ၊ Good Brother သီးနှံရောင်းဝယ်ရေး ကုမ္ပဏီတို့နဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ ယခုလို ဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်က ဒေသခံတောင်သူတွေ အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ သီးနှံများရောင်းချခွင့်ရရှိဖို့၊ သင့်တင့်တဲ့ဈေးနှုန်းများ မှန်မှန်ကန်ကန်ရရှိစေဖို့နဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှု စွမ်းအားတွေတိုးတက်လာစေဖို့ ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပြသည်။

အဆိုပါ တောင်သူအစုအဖွဲ့များ စုပေါင်းပြုလုပ်သည့် ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲကို မတ်လ(၁) ရက်နေ့မှစပြီး  ဧပြီလ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိ သီးနှံများကို ဝယ်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သီးနှံများဝယ်ယူရာ၌ ပဲသီးနှံအမျိုးအစားအလိုက် အရည်အသွေးခွဲခြား၍ ဝယ်ယူလျက်ရှိကြောင်း၊ ယနေ့ဝယ်ယူသည့် သီးနှံဈေးနှုန်းများအနေဖြင့် ကုလားပဲ (929) တစ်တင်းလျှင် ငွေကျပ် ၇၅၃၀၀ ၊ ကုလားပဲ (ဟော်လန်) တစ်တင်းလျှင် ၇၅၀၀၀ ၊ စားတော်ပဲ တစ်တင်းလျှင် ၂၁၅၀၀၀ ၊ ထောပတ်ပဲ တစ်တင်းလျှင် ငွေကျပ် ၇၂၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)