တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် CEIR ဆိုင်ရာများ ရှင်းလင်းဆွေးနွေးပွဲတက်ရောက်

ထားဝယ်  မတ် ၉

တနင်္သာရီတိုင်းဒေသကြီး ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် EIR စနစ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို မတ် ၉ ရက် ညနေ ၃ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် CEIR နှင့် ပတ်သက်၍ အခွန်ဦးစီးဌာနအနေဖြင့် စနစ်အကြောင်းဆောင်ရွက်ရသည့်ကိစ္စရပ်များအပေါ် ရှင်းလင်းတင်ပြပေးရန်လိုအပ်ကြောင်း၊ အများပြည်သူတို့သည်ဖုန်းကိုင်သုံးစွဲမှုများပြားပြီး ဖုန်းများတရားဝင်/မဝင်သိရှိနိုင်ရန်အတွက် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စနစ်နှင့်ပတ်သက်၍ သုံးစွဲသည့်အခါတွင် ဖုန်းသုံးစွဲသူများသည် မှတ်ပုံတင်ခြင်းများကို ကိုယ်တိုင်ဆောင်ရွက်ရသည်ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းများကို တတ်ကျွမ်းနားလည်ရန်လိုအပ်ကြောင်း၊ ယခုအခါတွင် ဖုန်းများအား လူတိုင်းကိုင်ဆောင်နိုင်သည့်အတွက် ဖုန်းများအား မှတ်ပုံတင်ထားခြင်းမရှိပါက ရပ်တန့်သွားနိုင်သောကြောင့် အခက်အခဲရှိကြောင်း၊ ဖုန်းများသည်လူတိုင်းအားလုံးနှင့်သက်ဆိုင်သောကြောင့် နားလည်ရန်လိုအပ်ကြောင်း၊ တိုင်းအတွင်းမှာရှိသော ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိသက်ဆိုင်ရာရုံးများတွင် ဝန်ထမ်းများကို ဆက်လက်ရှင်းလင်းဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ ပြည်သူများက ဖုန်းကိုင်ထားသောကြောင့် သက်ဆိုင်ရာခရိုင်/မြို့နယ်/ရပ်ကွက်ရှိတာဝန်ရှိသူများကစနစ်အကြောင်း သိရှိရန်လိုအပ်ကြောင်း၊ စနစ်များအား ကျယ်ပြန့်စွာလုပ်ဆောင်ရမည်ဖြစ်သည့်အတွက် ဌာနများနှင့်ပြည်သူများက ပူးပေါင်း ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ စနစ်များအကြောင်းကို   ဌာနဆိုင်ရာတာဝန်ရှိသူများက  တတ်ကျွမ်းနားလည်ရန်လိုအပ်ပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာခရိုင်/မြို့နယ်/ရပ်ကွက်များအား ပြန်လည်ရှင်းလင်းရန်လိုအပ်ကြောင်း၊ ဌာနနှင့်ပြည်သူပူးပေါင်း ဆောင်ရွက်မှသာလုပ်ငန်းအောင်မြင်မည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့်ဖုန်းများသည် တရားဝင် ဝင်ရောက်လာသောဖုန်း၊ အခွန်ဆောင်ထားသောဖုန်းဖြစ်ရန်လိုအပ်ကြောင်း၊ စနစ်များအောင်မြင်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးသူရဦးထင်ကျော်မိုးက ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် CEIR နှင့် EIR စနစ်အကြောင်းသိကောင်းစရာများ၊ CEIR Public Portal အကြောင်း သိကောင်းစရာများအား ရှင်းလင်းတင်ပြပြီး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)