ကန့်ဘလူ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ် စာသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို မတ် ၃ ရက်နံနက် ၉ နာရီက ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ကိုယ်နှုတ်အမူအရာ ယဥ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးအတွက် စာများများဖတ်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်ကြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သင်တန်းသူသင်တန်းသားများအား အာဟာရမှုန့်များပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၆၆ ဦးတက်ရောက်ကာ သင်တန်းကာလ ငါးရက်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)